facebook tracking image
5 Effective Tips for People Who Are Always Running Late
Personal Development

5 Effective Tips for People Who Are Always Running Late

အမြဲနောက်ကျတတ်တဲ့သူတွေအတွက် နည်းလမ်းကောင်း ၅ ခု

ချိန်းထားတဲ့အချိန်ထက်နောက်ကျပြီးမှရောက်တယ်ဆိုတာ ကျွန်မတို့ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောလိုမျိုးတောင် အခုနောက်ပိုင်းမှာဖြစ်လာပါတယ်။ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ နောက်ကျတာ၊ အပြင်သွားဖို့နောက်ကျတာ၊ ချိန်းဆိုထားတာတွေနောက်ကျတာစသည်ဖြင့် အမျိုးမျိုးနောက်ကျတတ်ကြပါတယ်။ ဒါပေမဲ့ အရေးကြီးကိစ္စတွေအတွက် ချိန်းဆိုမှုတွေ လုပ်တဲ့အခါမှာတော ့နောက်မကျသင့်ပါဘူး။ တကယ်လို့ ကိုယ့်မှာနောက်ကျတတ်တဲ့ အကျင့်လေးရှိနေပြီဆိုရင်တော့ အခုပြောမယ့်နည်းလမ်းလေးတွေကို စမ်းကြည့်ပြီးတော့ နောက်မကျအောင် လေ့ကျင့်သင့်ပါတယ်။

၁။ ချိန်းတဲ့အချိန်ရောက်ခါနီး အာရုံလွဲစေမယ့်ကိစ္စလေးတွေ မလုပ်ပါနဲ့။
ဥပမာအနေနဲ့ဆိုရင် အပြင်သွားခါနီး ၅ မိနစ်လောက်အလိုလေးမှာ တခြားတစ်ယောက်နဲ့ ဖုန်းပြောတာတို့၊ Message ပို့တာမျိုးတို့ မလုပ်တာကောင်းပါတယ်။ ဖုန်းပြောနေရင်းနဲ့လည်း သွားလို့ရတယ်ဆိုပေမယ့် ဖုန်းပြောတဲ့အခါ မေ့သွားတာမျိုးဖြစ်တတ်ပါတယ်။ ဖုန်းပြောရင်း အရှိန်ပါသွားတာနဲ့၊ စကားစဖြတ်မရတာနဲ့ သွားမယ့်ကိစ္စတွေ နောက်ကျသွားနိုင်ပါတယ်။ အလားတူမလုပ်သင့်တဲ့အရာလေးတွေက Notification, Message, Email စစ်တာ၊၊ စကားစမြည်ပြောတာ၊ သတင်းစာ၊ ဂျာနယ် ယူဖတ်တာမျိုးတွေပေါ့။

၂။ အချိန်ကြိုထွက်တဲ့အခါမှာ ပြဿနာတစ်ခုခုကြောင့် ကြာနိုင်မယ့်အချိန်ကိုပါ ကြိုတင်ထည့်တွက်ထားပါ။
၁ နာရီနဲ့ရောက်မယ့်ခရီးကို ကွက်တိမတွက်ထားဘဲ ကားပျက်တာတွေ၊ ကားမရတာတွေ၊ ကားလမ်းပိတ်မှာတွေ၊ လမ်းမှာတစ်ခုခုကြောင့် ကြန့်ကြာမှာတွေအတွက်ပါ ထည့်တွက်ပြီး ၁၅ မိနစ်လောက်ကြိုထွက်ပါ။ ကိုယ်သွားမယ့်လမ်းမှာ ဖြစ်တတ်တဲ့ပြဿနာလေးတွေကို ကိုယ်ပဲသိနိုင်တဲ့အတွက် ဘယ်လောက်ကြာနိုင်မလဲ ကြိုမှန်းပြီး စောစောထွက်နိုင်လေ ကောင်းလေပါပဲ။ ဖြစ်နိုင်ရင် ချိန်းထားတဲ့နေရာကို စောရောက်နေရင် ဖတ်ဖို့ စာအုပ်တစ်အုပ်ပါယူသွားလိုက်ပါ။

၃။ မနက်သွားရမယ့်ကိစ္စရှိရင် ညကတည်းက ကြိုတင်ပြင်ဆင်ပါ။
နောက်နေ့မနက်မှာ အရေးကြီးချိန်းထားတာရှိမယ်၊ Meeting ရှိမယ်ဆိုရင် ညကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ပြင်ဆင်တဲ့အခါမှာ အဆင်သင့်ဖြစ်အောင် အဝတ်အစား၊ ပိုက်ဆံ၊ ဖုန်း စတာတွေကို ယူရလွယ်ကူတဲ့နေရာမှာ အဆင်သင့်ယူလို့ရအောင်ထားတာမျိုး လုပ်သင့်ပါတယ်။

၄။ နည်းပညာအကူအညီနဲ ့ Reminder တွေသုံးပါ။
ပုံမှန်အားဖြင့်တော့ Google Calendar မှာပါတဲ့ Reminder ကို သုံးနိုင်ပါတယ်။ ကိုယ်လုပ်ရမယ့်ကိစ္စမတိုင်မီ အချိန်တစ်ခုသတ်မှတ်ပြီး Remind ပေးလို့ရပါတယ်။ ဥပမာ ညနေ ၆ နာရီသွားစရာရှိတယ်ဆိုပါစို့။ သွားဖို့ကြာချိန်ကနာရီဝက်၊ ပြင်ဆင်ချိန်ကနာရီဝက်၊ စုစုပေါင်း ၁ နာရီ Reminder ပေးထားလို့ရပါတယ်။ ဒါဆို ဖုန်းက ကိုယ်မသွားခင် တစ်နာရီအလို ညနေ ၅ နာရီထိုုးလောက်ဆိုရင် အချက်ပေးပါတယ်။

၅။ အချိန်ဘယ်လောက်ကြာတတ်လဲဆိုတာလေ့လာပါ။
ကိုယ်ကအပြင်သွားရမယ်ဆိုရင် ကိုယ်သွားတဲ့ခရီးဘယ်လောက်ကြာတတ်လဲဆိုတာ အမြဲလေ့လာပါ။ အခု မြန်မာနိုင်ငံရဲ့ Traffic က လမ်းချင်းတူပေမဲ့ အချိန်မတူရင် ပိုကြာတာမျိုးရှိသလို၊ ရက်မတူရင်လည်း ပိုကြာတာမျိုးဖြစ်တတ်ပါတယ်။ သွားတဲ့လမ်းခရီးပဲ မဟုတ်ပါဘူး။  ပြင်ဆင်ချိန်ကိုလည်း သတိထားလေ့လာသင့်ပါတယ်။ ပုံမှန်ခြေညှပ်ဖိနပ်နဲ ့သွားတဲ့အချိန်မှာ စက္ကန့်ပိုင်းပဲကြာပေမဲ့ Shoe စီးပြီးသွားမယ်ဆိုရင် မိနစ်ပိုင်းလောက်ကြာသွားနိုင်ပါတယ်၊  အကျီင်္ဝတ်တဲ့အခါလည်း အလားတူပါပဲ။ ဒီအချိန်လေးတွေဟာ တစ်ခုချင်းဆီဆိုရင်တော့ သိပ်မသိသာပေမယ့် အားလုံးပေါင်းလိုက်ရင် ၁၀ မိနစ်လောက် ကြာသွားနိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ဘယ်လောက်အချိန်ယူလဲဆိုတာ သတိထားလေ့လာသင့်ပါတယ်။ 

တန်ဖိုးရှိတဲ့ကိုယ့်ရဲ့အချိန်တွေကို ကောင်းကောင်းအသုံးချနိုင်ဖို့အတွက် အလေ့အကျင့်လုပ်ရတာလည်း လွယ်ကူတဲ့ဒီအချက် ၅ ချက်ကို လိုက်နာကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။  

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016
8-5 Routine !
8-5 Routine !
Published 2 April 2020