facebook tracking image
Effective Ways to Control Unexpected Emotions at Work
Personal Development

Effective Ways to Control Unexpected Emotions at Work

အလုပ်ခွင်မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်မလဲ?

စိတ်အတက်အကျဖြစ်တာမြန်ခြင်း တစ်နည်းအားဖြင့် မိမိရဲ့ စိတ်ခံစားချက်အတိုင်းပြုမူပြောဆိုဆက်ဆံခြင်းဟာ ကိုယ့်ရဲ့တစ်နေ့တာနေထိုင်မှုပုံစံကိုသာမက တခြားသူများနှင့်ဆက်ဆံပြောဆိုတဲ့အခါမှာလည်း အကောင်းဘက်ကဖြစ်စေ၊ အဆိုးဘက်ကဖြစ်စေ ထိခိုက်နိုင်ပါတယ်။ မိမိဘယ်လိုကိုင်တွယ်နေသလဲ၊ ဘယ်လိုပြောင်းလဲမှုပြုလုပ်နိုင်သလဲဆိုုတာဟာ လူမှုဆက်ဆံရေးနဲ့ အလုပ်အကိုင်ကိုသာမက ကျန်းမာရေးကိုပါ အပြောင်းအလဲဖြစ်စေနိုင်တဲ့အတွက် စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်ခြင်းဟာ လူတိုင်းအတွက် အထူးသဖြင့် လုပ်ငန်းခွင်ဝင်နေသူတွေအတွက် အလွန်အရေးပါပါတယ်။ ဒီ Article မှာတော့ မိမိရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်ဖို့ အချို့သောအခြေခံကျတဲ့အချက်တွေကိုဖော်ပြပေးထားပါတယ်။ 

၁။ အခြေအနေကို ရွေးချယ်ပါ။

မလိုချင်တဲ့စိတ်ခံစားမှုတွေဖြစ်စေတဲ့ အခြေအနေပတ်ဝန်းကျင်ကို မရွေးချယ်ပါနဲ့။ မိမိကိုယ်တိုင်လည်း မဖန်တီးပါနဲ့။ ဘယ်အရာတွေက ကိုယ့်ကိုစိတ်တိုစေလဲ၊ စိတ်ထိခိုက်စေလဲဆိုတာ နားလည်အောင်လုပ်ပြီးတော့ အတတ်နိုင်ဆုံး မကောင်းတဲ့ Emotion တွေဖြစ်စေတဲ့အရာတွေကို ရှောင်နိုင်အောင်ကြိုးစားပါ။ မိမိဟာဒေါသအလွယ်အကူထွက်တတ်တဲ့သူဖြစ်တယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကို Deadline အနားနီးမှကပ်ပြီးမလုပ်ပါနဲ့။ အလုပ်တွေအကုန်ပြီးသွားပြီဆိုရင်လည်း ကိုယ့်အထက်လူကြီးကို Report မတင်ခင် အနည်းဆုံး ၁ဝမိနစ်ခန့်အချိန်ယူပြီး စစ်ပါ။ ဒီလို စီစစ်တတ်တဲ့အကျင့်ရှိမယ်ဆိုရင် အသေးအဖွဲအမှားလေးတွေကြောင့် အထက်လူကြီးရဲ့ အဆူအငေါက်ကိုခံရတာ နည်းသွားပါလိမ့်မယ်။

၂။ အခြေအနေကို ဆန်းစစ်ပါ။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Client က မိမိကုန်ပစ္စည်းလောက် အရည်အသွေးမကောင်းတာမျိုးကို ပြိုင်ဘက်ဆီမှ ဝယ်ယူသွားတယ်ဆိုကြပါစို့။ ဒါကျွန်မတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ ဒီလိုဖြစ်လာလို့စိတ်ညစ်တယ်၊ စိတ်ဓာတ်ကျတယ်ဆိုပြီး လုပ်လက်စအလုပ်တွေကို ရပ်ပစ်လိုက်လို့မရပါဘူး။ ဒီလိုဆိုးဝါးတဲ့အခြေအနေဟာ ဘာကြောင့်ဖြစ်လာတာလဲ၊ ဘယ်လိုအချက်တွေကြောင့် ဒီလိုဖြစ်လာတာလဲဆိုတာ နားလည်သဘောပေါက်အောင်ကြိုးစားပြီးတော့ ဘာတွေပြန်ကြိုးစားရမလဲ၊ အရင်ထက်ပိုကောင်းအောင် ဘယ်လိုပြန်တည်ဆောက်နိုင်မလဲစတဲ့ Key Point တွေကို ထုတ်နှုတ်၊ အခြေအနေကိုသုံးသပ်ပြီး လက်မလျှော့ဘဲရှေ့ဆက်သွားရပါမယ်။

၃။ မိမိ၏အာရုံကိုပြောင်းလဲပါ။

စိတ်ခံစားချက်ကိုပြောင်းလဲစေတဲ့အရာဟာ ဘယ်ကလာသလဲဆုုိတာ သေချာသိရှိပြီးတာနဲ့ အာရုံပြောင်းနိုင်အောင် လုပ်ဆောင်ပါ။ မကောင်းသောအတွေးတွေကို ဦးနှောက်ထဲမှ မြန်နိုင်သမျှမြန်အောင်ဖယ်ရှားပစ်ပြီးတော့ ဘယ်လိုကောင်းအောင်လုပ်နိုင်မလဲ ဘယ်လိုကြိုးစားနိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ပါ။ မိမိကိုယ်ကို ယုံကြည်ပါ။

၄။ အတွေးတွေကို ပြောင်းလဲပါ။

စိတ်ခံစားမှုကို အဆိုးဆုံးတွန်းပို့စေတာ မိမိရဲ့မျှော်လင့်ချက် ယုံကြည်ချက်တွေကြောင့်ပါပဲ။ တစ်စုံတစ်ခုကို ဆုံးရှုံးလို့ ဝမ်းနည်းတာ၊ လိုချင်တဲ့အရာက ကိုယ့်စိတ်တုုိင်းကျမဖြစ်လာတဲ့အတွက် ဒေါသထွက်တာ၊ ဖြစ်ချင်တာတစ်ခု ဖြစ်လိုက်ရတဲ့အတွက် ပျော်တယ်ဆိုတာ အခြေအနေအကြောင်းအရာတွေကို မိမိဘက်ကဘယ်လိုပုံစံနဲ့လက်ခံလဲပေါ်မှာ မူတည်ပါတယ်။ အခြေအနေကို မရှောင်လွှဲနိုင်ခဲ့ရင်တောင် အနည်းဆုံးတော့ မိမိရဲ့အတွေးအမြင်ကိုပြောင်းလဲနိုင်ပါသေးတယ်။ မိမိကို စိတ်မချမ်းသာစေတဲ့ အတွေးဆိုးတွေကို ပျော်ရွှင်စေတဲ့အရာတွေနဲ့ အစားထိုးပစ်တာမျိုး (သို့မဟုတ်) အကောင်းဘက်ကအမြင်နဲ့တွေးကြည့်တာမျိုးတွေနဲ့ အဆိုးကိုလက်ခံနိုင်လာအောင် ရောင့်ရဲတတ်လာအောင် အလေ့အကျင့်ပြုလုပ်ပါ။ ​

၅။ တုံ့ပြန်မှုကို ထိန်းချုပ်ပါ။

အရှေ့မှာပြောပြခဲ့တဲ့ အာရုံစိုက်မှုပြောင်းပစ်တာတွေ၊ အတွေးပြောင်းလဲပစ်တာတွေ မပြုလုပ်နိုင်ခဲ့ဖူးဆိုလျှင် နောက်ဆုံးအဆင့်အနေနဲ့ မိမိကတစ်ဘက်လူ (သို့မဟုတ်) အခြေအနေအကြောင်းအရာကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ ဒေါသထွက်သည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ၊ ဝမ်းသာလွန်နေသည်ဖြစ်စေ၊ ရုတ်တရက်မတုံ့ပြန်မိစေဖို့ သတိရှိပါစေ။ အသက်ဝဝတစ်ချက်ရှူ သွင်းပါ။ မျက်လုံးမှိတ်ပြီး ၅ စက္ကန့်ခန့် စိတ်ငြိမ်အောင်ကြိုးစားပြီးကာမှ တုံ့ပြန်ပါ။ နောက်ဆုံး မျက်နှာအမူအရာကို မထိန်းချုပ်နိုင်ခဲ့မိရင်တောင် ကိုယ်အမူအရာကိုအတတ်နိုင်ဆုံး ထိန်းနိုင်ပါစေ။ 

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016