facebook tracking image
How to Build a Joyful and Supportive Work Environment
Workplace Etiquettes

How to Build a Joyful and Supportive Work Environment

အလုပ်မှာ မပျော်ဘူးလို့ ခံစားနေရတယ်။ အလုပ်ပြီးရင် အိမ်ပြန်ဖို့ နာရီကိုပဲ ခဏခဏ ကြည့်နေမိတယ်။ ကြည့်နေရင်းနဲ့တောင် အချိန်ကုန်တာနှေးလိုက်တာလို့ စဉ်းစားမိနေတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ခင်ဖို့မကောင်းဘူး၊ ပျင်းစရာကြီး စသဖြင့်တွေးမိနေတယ်။ ဒီလိုမျိုးတွေဖြစ်နေရင်တော့ သင်အလုပ်ခွင်မှာ ငြီးငွေ့နေတာသေချာနေပါပြီ။ 

ဟုတ်ပြီ။ ဒါဆိုရင် ဒီအတွေးတွေကို ခပ်ဝေးဝေးပို့ဖို့ နည်းလမ်း (သို့မဟုတ်) အဖြေတစ်ခုခုကိုရော စဉ်းစားဖူးပါသလား။

ကဲ… လက်တွေ့ကျကျစဉ်းစားပြီး အဖြေရှာကြည့်လိုက်ရအောင်။

၁။ အကောင်းမြင်စိတ် မွေးပါ။
အပြောလွယ်သလောက် လိုက်နာရခက်တဲ့ ကိစ္စတစ်ခုပါ။ ဘယ်သူမဆို ကိုယ်ကိုယ်တိုင်က အိမ်မှာဆိုရင် ဗိုလ်ပါပဲ။ ဒါပေမယ့် လုပ်ငန်းခွင်က မိမိအိမ်မဟုတ်ပါဘူး။ အလုပ်ထဲမှာဆိုရင်တော့ သေချာတာတစ်ခုက ကိုယ့်အိမ်ကမိဘတွေ၊ ဆွေမျိုးတွေလောက်တော့ ဘယ်သူကမှ အရာရာတိုင်းမှာ သဘောကောင်း စိတ်ရှည်ပေးနေမှာ မဟုတ်ပါဘူး။ ဒါကို လက်ခံနိုင်ပြီး အကောင်းမြင်စိတ်လေးမွေးဖို့ လိုအပ်ပါတယ်။

၂။ လေးစားသမှုရှိပါစေ။
လုပ်ငန်းခွင်ထဲမှာ အသက်အရွယ်အရ၊ ရာထူးအဆင့်အတန်းအရ ကိုယ်နဲ့သက်ဆိုင်တဲ့သူတွေကို Respect တစ်ခုထားတတ်ဖို့ လိုပါတယ်။ ကိစ္စတစ်ခုကို အမြင်မတူပဲ ငြင်းခုန်ရတဲ့အခါ ဒီအချက်က ပိုပြီးအရေးကြီးပါတယ်။ ကိုယ်က ရန်လိုတဲ့ ပုံစံမျိုးမဟုတ်ပဲ သူ့အမြင်၊ ကိုယ့်အမြင် နှစ်ဖက်စလုံး မျှမျှတတ စဉ်းစားပေးရင် ဆွေးနွေးမှုက ပိုပြီးမြန်ဆန်ထိရောက်မှာ ဖြစ်ပါတယ်။ ယုတ်စွအဆုံး ဒရိုင်ဘာတို့၊ သန့်ရှင်းရေးတို့ဆိုရင်တောင် သူတို့အလုပ်မှာ သူတို့တာဝန်ကျေနေသမျှ ကာလပတ်လုံး မိမိဘက်က မချေမငံဆက်ဆံပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။

၃။ ‘Thank you’ (သို့မဟုတ်) ‘ကျေးဇူးတင်ပါတယ်’ လို့ပြောပေးပါ။
“ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားဟာ ကိစ္စကြီးကြီးမားမားကို ကူညီဆောင်ရွက်ပေးမှ ပြောသင့်တဲ့စကားတစ်ခုမဟုတ်ပါဘူး။ ဓာတ်လှေကားမှာ ကိုယ်ပြေးလာတာ မြင်လို့ စောင့်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်စကားပြောလို့ရပါတယ်။ ကိုယ်တွေနေ့တိုင်း အသုံးပြုရတဲ့ Toilet ကို သန့်ရှင်းရေးလုပ်ပေးနေတဲ့သူတွေကိုလည်း ကျေးဇူးတင်စကားပြောလို့ရပါတယ်။ ကျေးဇူးတင်စကား အပြောခံရတာကို မနှစ်သက်တဲ့သူ ဘယ်သူမှမရှိပါဘူး။ စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ “Thank you” ဆိုတဲ့စကားနှစ်လုံးဟာ ခင်မင်လေးစားမှုကို ပြသတဲ့သဘော သက်ရောက်ပါတယ်။

၄။ လိုက်လျောညီထွေမှုရှိပါ။
လူတိုင်းမှာ မတူညီတဲ့ဝါသနာ၊ အတွေးအမြင်တွေ ရှိကြပါတယ်။ ဒါတွေကို အမြဲတူညီအောင် လိုက်ညှိနှိုင်းဖို့ဆိုတာက မဖြစ်နိင်ပါဘူး။ ဒါပေမယ့် လိုက်လျောညီထွေ ပြုမှုနေထိုင်တတ်ဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်ရုံးက လူတွေ KTV သွားဖို့စီစဉ်နေကြတယ် ဆိုပါစို့။ ကိုယ်က သီချင်းဆိုတာ ၀ါသနာမပါဘူး၊ အပြင်သွားရတာလည်း ၀ါသနာမပါဘူးဆိုရင် ဒီလိုအခြေအနေမျိုးမှာ သေချာပေါက်ငြင်းဆန်မိမှာ အမှန်ပါပဲ။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်ရင် ဒါဟာရင်းနှီးမှုတည်ဆောက်နိုင်မယ့် အခွင့်အရေးကောင်းဖြစ်လာနိုင်ပါတယ်။ သီချင်းဆိုတတ်ခြင်း၊ မဆိုတတ်ခြင်းက အဓိကမကျလှပါဘူး။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေ ကြုံတဲ့အခါ အဓိကနဲ့သာမညကို ခွဲခြားပြီး ဆုံးဖြတ်တတ်ဖို့ပါ။

အထက်ပါ အချက်လေးချက်ဟာ လိုက်နာဖို့လွယ်ကူပြီး အတော်လေးထိရောက်တဲ့ အကြံပေးချက်တွေဖြစ်ပါတယ်။ ဒီအချက်လေးတွေအတိုင်း ဆောင်ရွက်မယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ တိုးတက်လာတဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့အတူ နွေးထွေးတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Share this blog

5 Basic Etiquettes to Follow During a Business Call
5 Basic Etiquettes to Follow During a Business Call
Published 7 September 2016
Being Professional—What Does That Actually Look Like?
Being Professional—What Does That Actually Look Like?
Published 21 April 2020
Companies and Staff Damaged by Social Media
Companies and Staff Damaged by Social Media
Published 9 July 2016