Key Hard and Soft Skills to Consider When Starting a Career
Career နယ်ပယ်တစ်ခုကိုဝင်ရောက်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် Hard Skills နဲ့ Soft Skills
လူတစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အားသာချက်တွေနဲ့ ကျွမ်းကျင်မှုတွေရှိကြတဲ့အလျှောက် ကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်မယ့် Career နယ်ပယ်တစ်ခုကိုရွေးချယ်ဝင်ရောက်ကြတဲ့အခါ မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်အချက် ၂ ချက်ရှိပါတယ်။ ဒီဆောင်းပါးမှာ Soft Skill နဲ့ Hard Skill လို့ခေါ်တဲ့ လူတိုင်းမှာရှိတဲ့ကျွမ်းကျင်မှုတစ်ခုချင်းစီရဲ့အဓိပ္ပာယ်နဲ့ အားသာချက်တွေကို ဥပမာတွေနဲ့ဖော်ပြပေးသွားမှာဖြစ်ပြီး မိမိရဲ့အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်ဆန်းစစ်တဲ့နေရာမှာ အထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်။
Hard Skill ဆိုတာဘာလဲ။
Hard Skill ဆိုတာကတော့ သင်ယူလို့ရတဲ့ ကျွမ်းကျင်မှုတွေဖြစ်ပြီး အလုပ်ခွင်ကဖြစ်စေ၊ သင်တန်းတက်ရောက်ပြီးဖြစ်စေ တတ်မြောက်နိုင်တဲ့အရည်အသွေးတွေပဲဖြစ်ပါတယ်။ဥပမာအားဖြင့် Hard Skills ကို
- ဘာသာစကားတစ်မျိုးမျိုးတတ်မြောက်ခြင်း
- ပညာအရည်အချင်း
- စက်ပစ္စည်းပိုင်းဆိုင်ရာကျွမ်းကျင်ခြင်း
- ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုတတ်ခြင်း စသဖြင့်ဖော်ပြသတ်မှတ်နိုင်ပါတယ်။
လူတစ်ယောက်ရဲ့အရည်အချင်းကို အကဲဖြတ်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်တတ်မြောက်မှုတွေကို တိုင်းတာအကဲဖြတ်ရုံတင်မက Soft Skill လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေကိုလည်း ဆန်းစစ်ဖို့လိုအပ်ပါသေးတယ်။
Soft Skill ဆိုတာဘာလဲ။
Soft Skill ဆိုတာကတော့ ဆန်းစစ်ဖို့ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေဖြစ်ပြီး လူတစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့စရိုက်သဘာဝပေါ်အခြေခံပြီးကွဲပြားခြားနားကြပါတယ်။ Soft Skill ကို People Skill သို့မဟုတ် Interpersonal Skill လို့လည်းခေါ်ဆိုကြပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်ရဲ့ Soft skills ကို
- လိုက်လျောညီထွေနေထိုင်တတ်ခြင်း
- ပေါင်းသင်းဆက်ဆံရေးနှင့် ဦးဆောင်နိုင်စွမ်းရှိခြင်း
- ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် စိတ်ရှည်သည်းခံနိုင်ခြင်း
Hard Skill နဲ့မတူတာကတော့ သင့်မှာ Soft Skill ရှိတယ်ဆိုတာကို လက်ဆုပ်လက်ကိုင်ပြသလို့မရတဲ့အချက်ပဲဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်တစ်ယောက်အတွက် မရှိမဖြစ် Hard Skill ကဆေးပညာဖြစ်ပြီး စိတ်ရင်းစေတနာကောင်းမွန်မှု၊ သဘောထားပြည့်ဝမှု စတာတွေကတော့ Soft Skill တွေပဲဖြစ်ပါတယ်။
ဒါကြောင့် Hard Skill တွေဟာသင့်ကိုအလုပ်အကိုင်ရရှိစေဖို့အထောက်အကူပေးတာဖြစ်ပြီး Soft Skill တွေကတော့ သင့်ကိုအလုပ်မှာအောင်မြင်လာစေမယ့် တွန်းအားတွေဖြစ်တယ်လို့မှတ်ယူနိုင်ပါတယ်။