facebook tracking image
Key Things Graduates Should Know When Job Hunting
Career Advice

Key Things Graduates Should Know When Job Hunting

ဘွဲ့ရစလူငယ်တွေအတွက် အလုပ်ရှာတဲ့အခါမှာ သိထားသင့်တဲ့အချက်များ

ဘွဲ့ရစလူငယ်တွေအတွက် အလုပ်ရှာတဲ့အခါမှာ သိထားသင့်တဲ့အချက်များ ဘွဲ့မယူခင် အောင်စာရင်းထွက်ပြီဆိုတာနဲ့ ခေါင်းထဲရောက်လာတဲ့အသိဟာ အလုပ်လုပ်ရတော့မယ်ဆိုတာပါပဲ။ ဘွဲ့ရတာသာကြာသွားတယ်၊ ဘာအလုပ်အကိုင်မှ မည်မည်ရရရှာမတွေ့သေးဘူးဆိုတဲ့ လူငယ်တွေကိုလည်း တွေ့ရမှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုတာ သေချာအဖြေရှာဖို့လိုသလို အလုပ်အကိုင်အတည်တကျရဖို့ ဘယ်လိုနည်းလမ်းတွေ လိုအပ်သလဲဆိုတာကိုလည်း သိထားရပါမယ်။

၁။ မိမိရဲ့ Mindset ကို ပြင်ဆင်ပါ။

အရေးကြီးဆုံးကတော့ စိတ်ပါပဲ။ အလုပ်ရကိုရရမယ်ဆိုတဲ့စိတ်ကို အရင်သွင်းထားဖို့လိုပါတယ်။ ဒါပေမယ့် အလုပ်ဆိုတာနဲ့ ကြုံရာကျပန်း ဘာရရလုပ်မယ်ဆိုတာမျိုးမတွေးဘဲ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့အလုပ်မျိုး ကိုယ်စိတ်ဝင်စားတဲ့အလုပ်မျိုးပဲရရမယ်ဆိုတာမျိုးကို သေချာစဉ်းစားထားသင့်ပါတယ်။

၂။ ရွေးချယ်ပါ။

ဘွဲ့ရပြီးစလူငယ်တော်တော်များများ တွေဝေနေတတ်တာတစ်ခုက သင်တန်းတွေပဲ ဆက်တက်ရင်ကောင်းမလား၊ အလုပ်ပဲချက်ချင်းဝင်ရင်ကောင်းမလားဆိုတာပါ။ ဒီနေရာမှာ အကြံပေးချင်တာကတော့ မိမိရဲ့ရွေးချယ်မှုအတွက် သေချာစဉ်းစားဖို့ပါပဲ။ Engineering ဘက်ကလာတဲ့သူတော်တော်များများက Auto CAD, M&E စတဲ့သင်တန်းတွေတက်ကြသလို၊ IT ဘက်ကလာတဲ့သူတွေဆိုရင်လည်း Programming, Networking နဲ့သက်ဆိုင်တဲ့သင်တန်းတွေ တက်ကြပါတယ်။ ဒါပေမယ့် မတက်ခင်မှာ သေချာစဉ်းစားထားသင့်တာက ကိုယ်ဟာ ဒီ Field ကို စိတ်ဝင်စားမှုရှိရဲ့လား? ဒီသင်တန်းတက်ပြီးရင် ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းက ဘာတွေရှိနိုင်မလဲ? ဒီ Field နဲ့ပတ်သက်တဲ့ Entry Level အလုပ်တွေမှာ လစာဘယ်လောက်ရှိနိုင်သလဲ? စတာတွေကို သေချာလေ့လာစဉ်းစားပြီးမှ တက်ပါ။ အလုပ်မဝင်ခင်လိုအပ်တာမှန်သမျှ ကြို ပြင်ဆင်ထားတာကောင်းပေမယ့် ဟိုသင်တန်းတက်လိုက်၊ ဒီသင်တန်းတက်လိုက်နဲ့ ဘယ်အပိုင်းကိုသွားရမှန်းမသိ ယောင်တောင်တောင်ဖြစ်နေတဲ့သူတွေအများကြီးပါ။ အလုပ်ပဲချက်ချင်းဝင်ချင်တယ်ဆိုတဲ့သူတွေအတွက်လည်း ဘယ်အပိုင်းကို ကိုယ်စိတ်ဝင်စားသလဲ? ဒါဟာ ကိုယ့်အတွက် တကယ်သင့်တော်နိုင်ပါ့မလား? ရေရှည်အဆင်ပြေနိုင်ပါ့မလား? စဉ်းစားပါ။ လစာအဆင်ပြေရင် ဘာအလုပ်ရရ၊ ဘယ်နေရာမှာဖြစ်ဖြစ် ဝင်လုပ်မယ်ဆိုတဲ့အတွေးမျိုးကို မရှိစေချင်ပါဘူး။ ကိုယ်ဝင်တဲ့ Organization ရဲ့လွှမ်းမိုးမှုဟာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးအပေါ်မှာလည်း တိုက်ရိုက်သက်ရောက်ပါတယ်။ ကိုယ်စိတ်မဝင်စားတဲ့အလုပ်ဟာ လစာဘယ်လောက်ကောင်းကောင်း ကိုယ့်အတွက် အဆင်မပြေဖြစ်တတ်ပါတယ်။ အလုပ်ဝင်စမှာတင် ဒီ Company နဲ့အဆင်မပြေလို့ နောက်တစ်ခုထပ်ပြောင်းတယ်ဆိုတာမျိုး ခဏခဏဖြစ်တာဟာလည်း အလုပ်ရှင်တွေရဲ့အမြင်မှာ Impression ကျစေပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် အလုပ်ချက်ချင်းဝင်လိုက်ရလို့ သင်တန်းတွေ မတက်ရမှာလည်း မစိုးရိမ်ပါနဲ့။ အလုပ်တစ်ဖက်နဲ့ ပိတ်ရက်တွေ ရုံးဆင်းချိန်တွေမှာ သင်တန်းတွေ Seminar တွေလိုက်တက်တာမျိုးကလည်း အချိန်ကုန်သက်သာပြီး အကျိုးရှိစေပါတယ်။

၃။ စိတ်အားထက်သန်မှုရှိပါ။

 အလုပ်ရှာတော့မယ်လို့ အတွေးဝင်လိုက်တာနဲ့ ချက်ချင်းအကောင်အထည်ဖော်ပါ။ Job Site တွေမှာ Register လုပ်ပါ။ Company တွေ အကြောင်းလေ့လာပါ။ ကိုယ်စိတ်ဝင်စားတဲ့ Position တွေအကြောင်း လစာအခွင့်အလမ်းတွေအကြောင်း သေချာလေ့လာပါ။ ပြောချင်တာတစ်ခုက လက်ရှိမှာ ဘွဲ့ရပြီးစ လူငယ်တွေကို လစာကောင်းကောင်းပေးပြီး ချက်ချင်းခန့်လိုက်တဲ့ Company ဆိုတာရှားပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ Company မှာ ကိုယ်နဲ့သင့်တော်တဲ့ Position မျိုးရှိတယ်ဆိုရင် လစာကို အရမ်းအာရုံမထားဘဲ ဝင်လုပ်ဖို့ ဝန်မလေးပါနဲ့။ လစာအနည်းအများဟာ မိမိကြိုးစားအားထုတ်မှုအပေါ်မှာလည်း မူတည်ပါတယ်။ ပထမဦးဆုံးလိုအပ်တာက မိမိရဲ့လုပ်ငန်းခွင်အတွေ့အကြံုကို ဖြည့်နိုင်ဖို့ပါပဲ။ ကိုယ်ကြိုးစားလေလေ အလုပ်ရှင်တွေက လက်မလွှတ်ချင်လေလေပါ။

၄။ Social Media ကို ကောင်းကောင်းအသုံးချပါ။ 

Social Media ဆိုတာနဲ့ Facebook ကိုပဲ မမြင်စေချင်ပါဘူး။ အလုပ်ရှာနေတဲ့သူတွေပဲဖြစ်ဖြစ်၊ အလုပ်ဝင်ပြီးသားလူတွေပဲဖြစ်ဖြစ် အဓိကသုံးဖို့လိုအပ်တာက LinkedIn ပါ။ LinkedIn မှာက Professional သမားတွေ၊ Recruiter တွေတော်တော်များများနဲ့ ဆက်သွယ်လို့ရတဲ့အပြင် သက်ဆိုင်ရာနယ်ပယ်အသီးသီးက Professional Group တွေထဲမှာလည်း အသင်းဝင်ထားလို့ရပါတယ်။ LinkedIn လိုမျိုး Social Media တွေကို ကောင်းကောင်းသုံးတတ်လေလေ Career Opportunity တွေကို များများတွေ့နိုင်လေလေပါပဲ။

၅။ Network ကျယ်ပြန့်ပါစေ။

တစ်ခါတစ်လေမှာ အိမ်တွင်းအောင်းပြီး Jobsite တွေမှာ ထိုင်အလုပ်လျှောက်နေရင်လည်း အကျိုးမထူးတတ်ပါဘူး။ Career Conference တွေ၊ Seminar တွေတက်တာမျိုး၊ လူမှုရေးပွဲတွေမှာ Volunteer လုပ်တာမျိုးတွေ များများရှိပါစေ။ မိမိရဲ့လူမှုအသိုင်းအဝိုင်းနယ်ပယ်ကျယ်ပြန့်လာတာနဲ့အမျှ အလုပ်ရှာရတာလည်း လွယ်ကူလာတတ်ပါတယ်။

၆။ နိုင်ငံခြားဘာသာစကားတွေ သင်ယူပါ။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေအပြင် နိုင်ငံခြားသား Professional တွေပါ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံမှာ ဘာသာစကားတစ်မျိုးထက်ပိုပြီး တတ်မြောက်ထားတာကလည်း အားသာချက်တစ်ခုပါ။ ဘာသာစကားသင်တန်းတွေအတွက် ပိုက်ဆံအကုန်မခံနိုင်ရင်တောင် စိတ်မပူပါနဲ့။ အခုခေတ်မှာ Mobile ဖုန်းတစ်လုံးရှိရုံနဲ့ အခမဲ့ Application တွေကနေတဆင့် ကိုယ်သင်ချင်တဲ့ဘာသာစကားကို အလွယ်တကူသင်ယူနိုင်ပါပြီ။ အရေးကြီးတာကတော့ သင်ယူတတ်မြောက်လိုစိတ်ပါပဲ။

၇။ ကြိုတင်ပြင်ဆင်မှုရှိပါ။

အလုပ်ရှာတဲ့အချိန်မှာတင်မကဘဲ Interview ဖြေတာကအစ အလုပ်ဝင်တာအဆုံး အားလုံးကြိုတင်ပြင်ဆင်မှုရှိပါစေ။ မိမိရဲ့ CV Form ကို ကိုယ်လျှောက်မဲ့ အလုပ်ရာထူးနေရာအလိုက် သေချာပြင်ဆင်ပါ။ CV တစ်ရွက်ကောက်ဝယ်ပြီး ပြီးစလွယ်ဖြည့်လိုက်တာမျိုးနဲ့တော့ အလုပ်ကောင်းကောင်းရဖို့မမျှော်လင့်ပါနဲ့။ Facebook ကိုတောင် လူတိုင်းနီးပါး သုံးနိုင်ကြတဲ့ခေတ်ကြီးမှာ Online ကနေ CV ရေးနည်းတွေကို လေ့လာတာဟာ လွယ်ကူတဲ့အရာတစ်ခုဖြစ်မှာပါ။ ထိုနည်းအတိုင်းပဲ Interview အတွက် ဆောင်ရန်ရှောင်ရန်တွေကိုလည်း ကြိုတင်လေ့လာပြင်ဆင်ထားသင့်ပါတယ်။ ဒီအချက်တွေကို လေ့လာအကောင်အထည်ဖော်ကြည့်ရင်း ဘွဲ့ရခါစလူငယ်တွေအားလုံး ကိုယ်နဲ့သင့်တော်တဲ့အလုပ်အကိုင်ကောင်းကောင်းရနိုင်ဖို့ ပြင်ဆင်ကြိုးစားနိုင်ကြပါစေ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020